ကိုဘော့ (ဒြပ်စင်)
ကိုဘော့(Cobalt) သည်တောက်ပပြီး မီးခိုးရောင်ရှိ မာကြောကျွတ်ဆတ်သော ဒြပ်စင် တစ်မျိုး ဖြစ်ပါသည်။ ဒြပ်စင်အလှည့်ကျဇယား ( periodic table ) ၏ အုပ်စု VIII တွင် တည်ရှိပါသည်။ ကိုဘော့၏ ရုပ်ဂုဏ်သတ္တိများမှာ သံ၊ နီကယ် တို့နှင့် ဆင်တူပြီး သံလိုက်စွမ်းအင်ကို ထုတ်ပေး နိုင်စွမ်းရှိပါသည်။ ဓာတုဆိုင်ရာ ဓာတ်ပြုမှုလွယ်ကူပြီး ဒြပ်ပေါင်းများစွာ ဖြစ်ပေါ်နိုင်ပါသည်။ လေထဲ၌ တည်မြဲနိုင်ပြီး ရေတိုက်စားခြင်းကိုလဲ ခံနိုင်စွမ်းရှိသော ဒြပ်စင်ဖြစ်ပါသည်။ အားပျော့အက်ဆစ် (dilute acid ) ဖြင့် ဖျော်သောအခါ သံကဲ့သို့ အလွယ်တကူ ပျော်ဝင်ခြင်း မရှိဘဲ နှေးကွေးစွာ ပျော်ဝင်ပါသည်။
အသုံးပြုခြင်း
ကိုဘော့(Cobalt)ကို များစွာသော သတ္တုစပ်များ ပြုလုပ်သောနေရာများတွင် အသုံးပြုပါသည်။ ကိုဘော့ဒြပ်စင်ကို အသုံးပြုသော နေရာများမှာ လေယာဉ် အင်ဂျင်စက် အစိတ်အပိုင်းများအတွက် အထူးသတ္တုစပ် (super alloys) များပြုလုပ်ရာတွင် လည်းကောင်း၊ တိုက်စားခြင်းခံနိုင်သော သတ္တုစပ်များပြုလုပ်ရာတွင် လည်းကောင်း၊ သံမဏိ နှင့် သံလိုက် ပြုလုပ်ရာတွင် လည်းကောင်း ကိုဘော့သတ္တုစပ်များကို အသုံးပြုပါသည်။ လောင်စာနှင့် ဓာတုပစ္စည်းစက်ရုံများတွင် ကိုဘော့ကို ဓာတ်ကူပစ္စည်းများ(catalysts) အဖြစ်အသုံးပြုပြီး မှင်နှင့် ဆေးရောင်ခြယ် ပစ္စည်းများအတွက် အခြောက်ခံ ပစ္စည်းများအဖြစ် အသုံးပြုပါသည်။ အပြာရောင် ကိုဘော့ (cobalt(II) aluminate, CoAl2O4) ကို ပန်းချီဆေးစပ်ရာတွင် လည်းကောင်း၊ ကြွေထည် နှင့် အိုးခွက်များ ပြုလုပ်ရာတွင်လည်းကောင်း၊ မှန်များအရောင်ခြယ်ရာတွင်လည်းကောင်း၊ အုပ်ကြွပ်ပြားများ ပြုလုပ်သောနေရာ နှင့် ကျောက်မျက်ရတနာများ အလှဆင်သော နေရာများတွင် လည်းကောင်း အသုံးပြုပါသည်။ ရေဒီယို သတ္တိကြွသော Co60 ကို ဆေးဘက်ဆိုင်ရာ ကုသမှု နှင့် အစားအသောက်များ မပုပ်မသိုး မပျက်စီးစေရန် ထိန်းသိမ်းရာတွင် အသုံးပြုပါသည်။သဘာဝမှာတွေ့ရှိမှုအခြေအနေ
ကိုဘော့(Cobalt)အများစုသည် ကမ္ဘာ့မြေကြီး၏ အလယ်ဗဟို၌ တည်ရှိပြီး ကမ္ဘာ့ မျက်နှာပြင်နှင့် ရေထုထဲ၌ ကိုဘော့ပါဝင်မှုနှုန်းသည် အလွန်နည်းပါးသည်။ ရေထဲတွင်ပါဝင်သော ကိုဘော့သည် ပျော်ဝင်သတ္တိ အလွန်အားနည်းသော CoS (Cobalt sulfine) အဖြစ် အနည်ကျပါသည်။ မြေဆီလွှာထဲတွင် ကိုဘော့ပါဝင်မှုသည် ပျမ်းမျှအားဖြင့် 8ppm ခန့်ဖြစ်သော်လည်း ကိုဘော့ပါဝင်မှု နည်းသော မြေဆီလွှာများမှာ အနည်းဆုံး 0.1ppm ခန့်သာ ပါဝင်ပြီး ကိုဘော့ ပါဝင်မှုများသော မြေဆီလွှာများမှာ အများဆုံး 70ppm အထိ ပါဝင်နိုင်ပါသည်။ ပင်လယ် သမုဒ္ဒရာ ရေအောက်ပိုင်းတွင် စိမ်းပြာရေညှိ (cyanobacteria) နှင့် နိုက်ဒြိုစားသုံးသော အခြားသက်ရှိများ (nitrogen fixing organisms) အတွက် ကိုဘော့သည် မရှိမဖြစ် လိုအပ်ပါသည်။ ကိုဘော့ကို သတ္တုသီးသန့် အနေဖြင့် မတွေ့နိုင်ပဲ သတ္တုရိုင်း (ores ) အနေဖြင့်သာ တွေ့ရှိနိုင်ပါသည်။ သို့ဖြစ်၍ ကိုဘော့ကို သီးသန့် တူးဖော်၍ မရနိုင်ပါ။ နီကယ် (nickel)၊ ကော့ပါး (copper) စသည့်သတ္တုများနှင့် ရောနှောပြီး by-product အဖြစ်သာ ထုတ်လုပ်နိုင်ပါသည်။ အဓိကကျသော ကိုဘော့ သတ္တုရိုင်းများမှာ cobaltite (CoAsS)၊ erythrite(Co3(AsO4)2·8H2O) ခေါ်အနီရောင်ရှိသော ကိုဘော့၊ glucodot ((Co,Fe)AsS) နှင့် skutterudite (Co,Ni,Fe)As3 တို့ဖြစ်ပါသည်။ ကိုဘော့ အများဆုံးထွက်ရှိသော နိုင်ငံများမှာ ကွန်ဂို၊ တရုတ်၊ ဇမ်ဘီးယား၊ ရုရှား နှင့် ဩစတြေးလျ တို့ ဖြစ်ကြပြီး ဖင်လန် ၊ အဇာဘိုင်ဂျန် နှင့် ကာဇက်စတန် စသည့် နိုင်ငံများတွင်လည်း ထွက်ရှိပါသည်။ ကမ္ဘာ့ ကိုဘော့ထွက်ရှိနှုန်းမှာ တစ်နှစ်လျှင် တန် ၁၇၀၀၀ ဖြစ်ပါသည်။ကျန်းမာရေးဆိုင်ရာ သက်ရောက်မှုများ
- အော့အန် မူးဝေ ဖျားနာခြင်း (Vomiting and nausea)
- အမြင်အာရုံချို့တဲ့ခြင်း (Vision problems)
- နှလုံးနှင့်ဆိုင်သောရောဂါများ (Heart problems)
- လည်မျိုဂလင်းများပျက်စီးခြင်း (Thyroid damage)
ရေဒီယို သတ္တိကြွနေသော ကိုဘော့အိုင်ဆိုတုပ် မှ ထုတ်လွှတ်သော ဓာတ်ရောင်ခြည် (radiation) ကြောင့်လည်း ကျန်းမာရေး ဆိုးကျိုးများ ဖြစ်စေနိုင်ပါသည်။ ကိုဘော့ အိုင်ဆိုတုပ်ကြောင့် ဖြစ်ပွားနိုင်သော ရောဂါများမှာ ကလေးမရရှိနိုင်ခြင်း (sterility)၊ ဆံပင်မပေါက်ခြင်း၊ အော့အန်ခြင်း (vomiting)၊ သွေးထွက်လွန်ခြင်း (bleeding)၊ ဝမ်းရောဂါ (diarrhea)၊ အတိတ်မေ့ရောဂါ (coma) စသည့်ရောဂါများ အပြင် အသက် ဆုံးရှုံးသည်အထိ ဖြစ်ပွားစေနိုင်ပါသည်။ ၎င်းရေဒီယို သတ္တိကြွနေသော ကိုဘော့မှထွက်သော ဓာတ်ရောင်ခြည်ကို ကင်ဆာရောဂါ ကုသသော နေရာများတွင် ကင်ဆာအကျိတ်များကို ဖျက်ဆီးရန်အတွက် အသုံးပြုပါသည်။ ထိုကဲသို့ ကုသခံရသော ကင်ဆာ ဝေဒနာရှင်များသည်လည်း ဆံပင်ကျွတ်ခြင်း၊ ဝမ်းရောဂါဖြစ်ခြင်း နှင့် အော့အန်ခြင်း ကဲ့သို့ ရောဂါများ ခံစားရပါသည်။
ကိုဘော့၏ ပတ်ဝန်းကျင် အကျိုးသက်ရောက်မှု (Environmental effects of cobalt) ကိုဘော့သည် မြေ၊ ရေ၊ လေ၊ ကျောက်၊ အပင်များ နှင့် သတ္တဝါများထဲတွင် သဘာဝ အလျောက် တွေ့ရှိနိုင်သော ဒြပ်စင်တစ်မျိုး ဖြစ်ပါသည်။ လေတိုက်ခတ်သောအခါ ကိုဘော့ အမှုန်လေးများသည် လေနှင့်အတူ လွင့်မျောနိုင်ပြီး တစ်နေရာရာတွင် စုပုံနေနိုင်ပါသည်။ မိုးရွာသောအခါ ကိုဘော့ပါသော မြေဆီလွှာ သို့မဟုတ် ကျောက်သားများကို မိုးရေတိုက်စားပြီး ကိုဘော့များသည် မိုးရေနှင့် အတူ မြစ်၊ ချောင်း၊ ပင်လယ် များထဲသို့ သယ်ဆောင်သွား နိုင်ပါသည်။ ကျောက်မီးသွေးကဲ့သို့ လောင်စာများ လောင်ကျွမ်းခြင်း၊ ကိုဘော့ပါသော သတ္တုရိုင်းများ တူးဖော်ခြင်း နှင့် ကိုဘော့ပါသော ဓာတုပစ္စည်းများကို သုံးစွဲခြင်းဖြင့် သဘာဝ ပတ်ဝန်းကျင် သို့ ကိုဘော့များ ရောက်ရှိနိုင်ပါသည်။ ရေဒီယို သတ္တိကြွနေသော ကိုဘော့ကို ပတ်ဝန်းကျင်၌ သဘာဝအတိုင်း မတွေ့ရှိနိုင်ပါ။ ၎င်းသည် သက်တမ်းဝက်( half-life) တိုပြီး နျူးကလီးယားစွမ်းအင် ထုတ်လုပ်သော စက်ရုံများတွင် အသုံးပြုပါသည်။ ကိုဘော့ဓာတ် အလွန်နည်းပါးသော မြေဆီလွှာမျိုးတွင် ပေါက်ရောက်သော အပင်များမှာ ကိုဘော့ဓာတ် ပါဝင်မှု အလွန်နည်းပါးပြီး ၎င်းမြေမျိုးတွင် ကျက်စားနေထိုင်သော သတ္တဝါများ အတွက်လည်းပဲ လိုအပ်သော ကိုဘော့ဓာတ်ချို့တဲ့ ခြင်းများ ဖြစ်ပွားစေနိုင်ပါသည်။ ကိုဘော့ဓာတ် လွန်ကဲလျှင်လည်း ကျန်းမာရေးဆိုးကျိုးများ ဖြစ်စေနိုင်ပါသည်။ ကျွန်ုပ်တို့ နေ့စဉ် စားသုံးနေသော ဟင်းသီး ဟင်းရွက် နှင့် အသားငါးများတွင် ကိုဘော့ဓာတ် ပါဝင်မှု လွန်ကဲ ခြင်းမရှိပါ။
0 ေ၀ဖန္ထားပါတယ္။ :
Post a Comment