ကွမ်းစား၍ သွားများညစ်ထေးနေသည့် မြန်မာပြည်မှ အဘိုးအိုတစ်ဦး
 
ကွမ်းယာဆိုသည်မှာ ပီကေကဲ့သို့ပင် အရသာမရှိ အာဟာရမရှိသော်လည်း အပျင်းပြေဝါးရန် သင့်လျော်သော စားစရာ တစ်မျိုး ဖြစ်သည်။ မြန်မာတို့သည် ရှေးအခါကပင် ကွမ်းယာနှင့် ပတ်သက်သော စားစရာများကို ကွမ်းအစ်ဖြင့်ထည့်၍ ကိုယ်တိုင်စားသုံးလေ့ ရှိသည့် အပြင် ဧည့်သည်များကိုလည်း တည့်ခင်း ဧည့်ခံလေ့ ရှိသည်။ ကွမ်းယာတွင် အဓိကအားဖြင့် ကွမ်းရွက်၊ ကွမ်းသီး နှင့် ထုံးအပြင် ကွမ်းစားဆေးနှင့် အခြား အဆာပလာများနှင့် ရောယှက်၍ စားသုံးလေ့ ရှိကြသည်။ ကွမ်းယာစားသည့် ဓလေ့သည် မြန်မာနိုင်ငံတွင်သာမက အိမ်နီးချင်းနိုင်ငံများဖြစ်သော ဗီယက်နမ်နိုင်ငံ၊ မလေးရှားနိုင်ငံ၊ ထိုင်းနိုင်ငံ နှင့် အိန္ဒိယနိုင်ငံ တို့တွင်လည်း ရှိကြသည်။

သမိုင်းကြောင်း

ကွမ်းစားခြင်း ဓလေ့သည် ပုဂံခေတ်ကပင် ရှိခဲ့သည်ဟု ရာဇဝင်များ အရသိရသည်။ ဗျတ်ဝိအား သထုံမြို့ဝန်က သတ်ဖြတ်ရာတွင် သေအောင်မသတ်နိုင်သည့်အတွက် သူ၏ချစ်သူ မအိုဇာအား ကွမ်းတရာ ရေတမှုတ် ကမ်းခိုင်းသည်ဟု ရာဇဝင်တွင် ပါရှိသည်။  ထိုမျှသာမက အင်းဝခေတ်မှ ဖိုးသူတော်ဦးမင်း၏ "တံတားဦးက ကွမ်းနုဝါ၊ ငမြာကဆေး၊ ကိုင်းထုံးဖြူ ပြည်ရှား၊ သာဝါလို့ထွေး။" ဟူသည့် ကွမ်းယာနှင့် ပတ်သက်သည့် စာချိုးနှင့် လူဦးမင်း၏ "ကွမ်းရွက်ကယ် ညှာကြွေ၊ ရေစိမ်တဲ့ဆေး၊ သန်းခေါက်လှိုင်လှိုင်နဲ့ ၊ ချိုင်လိုက်မယ် ထုံးဖြူခြောက်ကယ်၊ အာပေါက်မှထွေး။" ဆိုသည့် ကွမ်းယာနှင့် ပတ်သက်သော စာချိုးတို့မှာ ထင်ရှားသည်။  ဗီယက်နမ်နိုင်ငံတွင်လည်းကွမ်းယာပုံပြင်ရှိသည်။

ပါဝင်သည့် အစာများ

ကွမ်းယာတွင် အဓိကအားဖြင့် ထုံး၊ ကွမ်းသီးနှင့် ကွမ်းရွက်တို့ ပါဝင်သည့်အပြင် ကွမ်းစားဆေး အမျိုးမျိုးနှင့် အခြားဟင်းခတ် အမွှေးအကြိုင် အမျိုးမျိုးကိုလည်း ထည့်၍ စားသုံးလေ့ ရှိသည်။

ကွမ်းစားဆေးများ

မြန်မာဆေးများ

မြန်မာ့ရိုးရာ ကွမ်းစားဆေးအဖြစ် ကွမ်းယာထဲတွင် မြန်မာဆေးရွက်ကြီးကို ထည့်၍ စားသုံးလေ့ရှိကြသည်။ မြန်မာဆေးရွက်ကြီးတွင် အညိုနှင့် အမည်းဟူ၍ နှစ်မျိုးရှိပြီး အညိုမှာ အနည်းငယ်ပျော့၍ အရသာပိုချိုသည်။ ဆေးအမည်းမှာ အရသာ ပိုပြင်းပြီး ပို၍လည်း ခါးသည်။ ဆေးအညိုနှင့် ဆေးအမည်းတို့ အပြင် ဆေးရွက်ကြီးကို ပျားရည်၊ အရက်တို့နှင့် ရောစပ်၍ ဆေးပေါင်းဟု ခေါ်ဝေါ်သော ဆေးတစ်မျိုးကိုလည်း စားသုံးလေ့ ရှိကြသည်။

ဆေးမွှေးများ

မြန်မာပြည်တွင် ကွမ်းယာစားသုံးသူများမှာ အိန္ဒိယမှ တင်သွင်းလာသော ဆေးမွှေးများကိုလည်း စားသုံးလေ့ ရှိကြသည်။ ထင်ရှားသော ဆေးမွှေးများမှာ စင်ကနယ်၊ ဟန်ဒရက်၊ မြေပုံ၊ ဆာဂါး၊ ဘာဘာ နှင့် နိုင်တီတူး တို့ ဖြစ်ကြသည်။

ထုံး

ထုံးစပ်ခြင်းသည် ကွမ်းယာတွင် အရေးကြီးသည့် အစိတ်အပိုင်းမှ ပါဝင်သည်။ ထုံးကောင်းပါက ကွမ်းယာမှာ စား၍ ကောင်းပြီး ထုံးစပ်ညံ့ပါက ကွမ်းယာမှာ စား၍ မကောင်းပေ။ ထုံးကို ရေအပြင် နွားနို့စသည်တို့ကို ထည့်၍ အထားခံရန်၊ မပေါက်ရန် နှင့် စား၍ ကောင်းရန် ပြင်ဆင်လေ့ ရှိကြသည်။ အချို့သော သူများသည် ကွမ်းယာထဲတွင် ထုံးအပြင် ရှားစေးတစ်ထပ်ကိုလည်း သုတ်လိမ်းလေ့ ရှိကြသည်။

ကွမ်းသီး

ကွမ်းယာထဲတွင် ထည့်ရန် ကွမ်းသီးကို ကွမ်းသီးပင် မှရရှိပြီး အခွံခွာကာ ကွမ်းညှပ်ဖြင့် ညှပ်၍ ရေစိမ်ခြင်းဖြင့် ကွမ်းယာထဲတွင် ထည့်၍ စားသုံးနိုင်ရန် ပြင်ဆင်လေ့ ရှိကြသည်။

ကွမ်းရွက်

ကွမ်းရွက်သည် ကွမ်းပင်မှ အရွက်ဖြစ်သည်။ မြန်မာပြည်မှ ကွမ်းရွက်သည် စားရန်သင့်လျော်ပြီး မလေးရှားနိုင်ငံ မှထွက်သော ကွမ်းရွက်မှာ အရသာ အနည်းငယ် ပို၍ ညံ့သည်။

အခြားအဆာပလာများ

ကွမ်းယာထဲတွင် ထည့်၍ စားသုံးလေ့ ရှိသော အခြားဟင်းခတ် အမွှေးအကြိုင်များမှာ စမုန်စပါး၊ ဖာလာ၊ လေးညှင်းပွင့်၊ ဂုန်ခါး၊ အုန်းသီးကြော်၊ မြေပဲဆံ၊ နွယ်ချို နှင့် သံပုရာသီးစိတ် တို့ ဖြစ်ကြသည်။

ကွမ်းစားခြင်း၏ အကျိုးအပြစ်များ

ကွမ်းစားခြင်းဖြင့် သွားများကို ညစ်ထေးပေကျံ စေနိုင်သည့်အပြင် သွားများအတွင်း ကျောက်ဖြစ်နိုင်သည်။။ ဘေးထွက် ဆိုးကျိုးအနေဖြင့် ဆီးအိမ်တွင် ကျောက်တည်ခြင်း၊ ပါးစောင်ကင်ဆာစသည့် ရောဂါများ ဖြစ်ပွားနိုင်သည်။
အကျိုးအနေဖြင့် ခံတွင်းရှင်းခြင်း နှင့် ဆေးလိပ်ဖြတ်ရာတွင် အစားထိုး အနေဖြင့် လွယ်ကူစွာ အသုံးပြုနိုင်ခြင်း တို့ ရှိသည်။





0 ဝေဖန်ထားပါတယ်။ :

Post a Comment

Fontေ၇ွးရန်